
ယနေ့အခါတွင် ကမ္ဘာ့နိုင်ငံအများစုသည် သဘာဝဘေးအန္တရာယ်များ၊ မှုခင်းဖြစ်ရပ်များနှင့် ယာဉ်မတော်တဆမှုများ စသည့်ဘေးအန္တရာယ်များဖြင့် နေ့စဉ်ကြုံတွေ့နေကြရပြီး ထိုနိုင်ငံများတွင် နေထိုင်လျက်ရှိကြသော ပြည်သူများ၏ ဘေးကင်းရေး၊ လုံခြုံရေးမှာ ထိုတိုင်းပြည်ရှိ အာဏာပိုင်အဖွဲ့ အစည်းများ၏ အဓိကတာဝန် ဖြစ်လေသည်။ ထိုကဲ့သို့တာဝန်ရှိသော အဖွဲ့အစည်းများအနေဖြင့် ဘေးအန္တရာယ် များကျရောက်နေချိန်၌ လက်ရှိမြေပြင်တွင် ဖြစ်ပေါ်နေသော သတင်းအချက်အလက်များနှင့် ပတ်သတ်၍ သတင်းအချက်အလက်စုဆောင်းခြင်း၊ သတင်းမှန်ကန် မှုရှိမရှိ ဆန်းစစ်ခြင်း စသည့်လုပ်ငန်းများကိုလည်း လုပ်ဆောင်ကြရမည် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် သတင်းအမျိုးအစားများအား ဆန်းစစ်ခြင်း၊ အသေးစိတ်လေ့လာမှုများ ပြုလုပ်ခြင်း စသည်တို့၌ အားနည်းချက်များရှိနေသည့်အတွက်ကြောင့် အဖွဲ့အစည်းများ၊ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ရာတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်လျှက်ရှိသည်။ ယခုအခါ နိုင်ငံတိုင်း၌ ယင်းကဲ့သို့သော ကယ်ဆယ်ရေးဆိုင်ရာပြဿနာရပ်များကို စိန်ခေါ်မှုတစ်ရပ်အဖြစ် ရင်ဆိုင် နေကြရကြောင်း သိရှိရသည်။
ထိုသို့သော လိုအပ်ချက်များကိုဖြေရှင်းနိုင်ရန် Thales ကုမ္ပဏီအနေဖြင့် ကြုံတွေ့ရင်ဆိုင်နေရသော ကိစ္စရပ်များအား အဖွဲ့အစည်းအားလုံးပူးပေါင်း ဖြေရှင်းလာနိုင်တော့မည့် နည်းပညာတစ်ရပ်ကို တီထွင်ထားကြောင်း သိရသည်။ ကြုံတွေ့နေရသော စစ်ဆင်ရေး၊ သို့မဟုတ် ကယ်ဆယ်ရေးလုပ်ငန်းများအား ဦးဆောင်ဖြေရှင်းမည့်သူ Operation Manager အနေဖြင့် လက်တွေ့မြေပြင်တွင် ဖြန့်ခွဲနေရာချထားသော အဖွဲ့ဝင်များ၏ တည်နေရာများကို မိုဘိုင်းဖုန်း၊ သို့မဟုတ် Tablet များမှတစ်ဆင့် ရှင်းရှင်းလင်းလင်းတွေ့ရှိနိုင်မည် ဖြစ်ပြီး ထိုစစ်ဆင်ရေး၊ သို့မဟုတ် ကယ်ဆယ်ရေးလုပ်ငန်းစဉ်တစ်ခုလုံးအား ကွပ်ကဲမှုဌာနတွင်ရှိသော ညှိနှိုင်းကွပ်ကဲရေးအရာရှိများ ကိုယ်တိုင် ညွှန်ကြားကွပ်ကဲကာ စောင့်ကြည့်ထောက်လှမ်းပေးနိုင်မည် ဖြစ်သည်။
ထို့အပြင် ထိုနယ်မြေအတွင်းရှိ အဖွဲ့ဝင်တစ်ဦးချင်းဆီထံသို့ မှန်ကန်တိကျသော သတင်းများပေးပို့ ပေးနိုင်မည်ဖြစ်ပြီး အဖွဲ့ဝင်တစ်ဦးချင်းစီ၏ လိုအပ်ချက်များကိုသိရှိကာ
ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်တော့မည်ဖြစ်ကြောင်း Thales ကုမ္ပဏီမှ တရားဝင်ထုတ်ဖေါ် ပြောကြားခဲ့သည်။
ယခုတီထွင်ထားသည့် နည်းပညာအား မိုဘိုင်းဖုန်းများ၊ သို့မဟုတ် tablet များတွင်အသုံးပြုနိုင်မည်ဖြစ်ပြီး အသုံးပြုသူများအတွက် ဘက်စုံမီဒီယာသတင်းအချက်အလက်များ၊ ဗီဒီယိုပုံရိပ်များပါ ရရှိနိုင်အောင် လုပ်ဆောင်ပေးနိုင်မည် ဖြစ်သည်။ ထိုသို့လုပ်ဆောင်နိုင်ရန် အသုံးပြုသူအနေဖြင့် မိုဘိုင်းဖုန်းသို့မဟုတ်၊ tablet များအတွင်း၌ လုံခြုံရေး application file အား ထည့်သွင်းထားရမည်ဖြစ်သည်။ Field Observer ခေါ်နယ်မြေထောက်လှမ်းပေးနိုင်သော application သည် အသုံးပြုသူ၏ လက်ရှိအချိန်တွင် ရောက်ရှိနေသော တည်နေရာမြေပုံနှင့် ဗီဒီယိုပုံရိပ်များကိုပါ ချက်ချင်းရရှိနိုင်အောင် လုပ်ဆောင်ပေးလိမ့်မည်ဖြစ်သည်။ ထို့အပြင် Thales ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နေသည့် Renault Trucks Defense ကုမ္ပဏီက အသေးစား UAV အသုံးပြုထားသော Last Mile ခေါ်ထောက်လှမ်းပုံဖမ်းလုပ်ဆောင်ပေးနိုင်သည့် application တစ်ခု ကို မိုဘိုင်းဖုန်း၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ထည့်သွင်းပေးထားကြောင်းသိရှိရသည်။
အခြားအသုံးပြုနိုင်မည့်လုပ်ဆောင်ချက်များအနေဖြင့် သတင်းအချက်အလက်များအား ဖြန့်ဝေပေးနိုင်ခြင်း၊ တည်နေရာမတူညီသောဌာနများမှ လာသည့် ညွှန်ကြားချက်များ၏ မြေပုံညွှန်းများအားဖေါ်ပြပေးခြင်းနှင့် စီမံချက်များအား ပြန်လည်အစီရင်ခံနိုင်ခြင်း စသည်တို့ကို လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ယခုနည်းပညာဖြင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးနှင့် စစ်ဆင်ရေးလုပ်ငန်းစဉ်များ၏ စွမ်းဆောင်ရည်များကို တိုးတက်စေနိုင်မည်ဖြစ်သည့်အပြင် ရရှိလာသော သတင်းအချက်အလက်နှင့် ပတ်သက်၍ အထက်ဌာန၏ ဆုံးဖြတ်ချက်များကို မြေပြင်တွင် ဖြန့်ခွဲနေရာယူထားသူများအနေဖြင့် တစ်ပြိုင်တည်းသိရှိကာ လှုပ်ရှားနိုင်မည်ဖြစ်သည်။ ထို့အပြင် အထက်အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် လက်ရှိမြေပြင်တွင်ဖြစ်ပေါ်နေသောအခြေအနေများကို တိုက်ရိုက်မြင်တွေ့နိုင်ကာ ကူညီထောက်ပံ့ပေးနိုင်မည့် အကျိုးရလဒ်များ ရရှိနိုင်မည်ဖြစ်သည်။ ဤနည်းပညာအား နိုင်ငံတစ်နိုင်ငံ၊ နယ်မြေဒေသတွင်း သို့မဟုတ်၊ လွယ်ကူလျင်မြန်စွာ သယ်ဆောင် သွားနိုင်မည့်ယာဉ်များတွင်ပါ တင်ဆောင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။
ပြန်ဆိုသူ-worldwide
Credit to:TechSpace Journal












0 မှတ်ချက်:
သင့်ရဲ့  comment များက ကျွန်တော်တို့ လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည် ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါသည်။
Note: Only a member of this blog may post a comment.