၂၀၁၃ ခုနှစ်၏ နှစ်ဝက်ကုန်လွန်လာပြီးသည့် နောက်တွင် iOS 7 ထွက်လာသည်။
ထုံးစံအတိုင်းပင် iOS 6 ထက်သာလွန်သော စွမ်းဆောင်ရည်များ ပါလာသည်။ အချို့
စွမ်းဆောင်ရည်များကို အလွယ်တကူ မြင်သာပြီး အချို့ကို အလွယ်တကူ မမြင်သာပါ။
ပိုမို ကောင်းမွန်လာသော iOS 7 ၏ စွမ်းဆောင်ရည်တို့ကို အောက်ပါအတိုင်း
မြင်ရပါမည်။
ပုံများစွာကို တစ်ဆက်တည်း ရိုက်ခြင်း
iOS 7 တွင် ကင်မရာ application ကို ဒီဇိုင်းသစ်ဖြင့် ရေးဆွဲ
ထည့်သွင်းပေးထားပါသည်။ ပုံပေါင်းများစွာကို တစ်ဆက်တည်း ရိုက်ကူးနိုင်သော
သူ့စွမ်းဆောင်ရည်သည် အလွယ်တကူ မမြင်သာဘဲ ငုပ်လျှိုးနေသည်။
စက္ကန့်ပိုင်းအတါင်း ဓာတ်ပုံများစွာကို တစ်ဆက်တည်း ရိုက်လိုလျှင်
တစ်နည်းအားဖြင့် Burst mode ကို သုံးလိုလျှင် အသံမြှင့်သော Volume-up key
ကို နှိပ်ပြီး ကင်မရာ ခလုတ်ကို နှိပ်ရုံသာ ဖြစ်ပါသည်။
application များစွာကို တစ်ပြိုင်တည်း ရပ်ခြင်း
Application များကို ဖွင့်ထားပြီး တစ်ခုမှ တစ်ခုသို့
ခုန်ကျော်သုံးခြင်းကို iPhone ပရိသတ်များ သိပြီး ဖြစ်ပါသည်။ သို့သော်
Application များပိတ်လျှင် ယခင်ကမူ တစ်ခုစီ လိုက်ပိတ်ရပါသည်။ Home key ကို
နှစ်ချက်ခေါက်ပြီးနောက် ပွင့်နေသော Application ကို အပေါ်ဘက်သို့
ဆွဲဖယ်ပစ်ခြင်း ဖြစ်သည်။ သို့သော် Application များအား ဆွဲဖယ်ရာတွင်
လက်ချောင်းအများအပြား သုံး၍ တစ်ပြိုင်တည်း ဆွဲဖယ်ခြင်းကို မလုပ်နိုင်ခဲ့ပါ။
ယခုမူ လက်ချောင်း သုံးချောင်းသုံး၍ iPhone ပေါ်မှ Application ၃ ခုကို
တစ်ပြိုင်တည်း ဆွဲဖယ်နိုင်ပါပြီ။
Notification များ သုံးစွဲခြင်း
Notification အသစ်တစ်ခု ရသည့်အခါ ယင်းကို ယာဘက်သို့ ဆွဲပွတ်ပြီး
ဖွင့်ကြည့်နိုင်သည်။ အကယ်၍ ယင်းကို မကြည့်လိုလျှင် အပေါ်ဘက်သို့ ဆွဲပွတ်ပြီး
ဖျောက်ထားနိုင်ပါသည်။
Message ကို အသုံးပြုခြင်း
iOS 7 သည် ဖုန်းထဲတွင် အသုံးပြုသမျှ အရာရာတိုင်းကို အကျဉ်းကျုံးဆုံး
ဖြစ်အောင် သေသပ်စွာ နေရာချ သိမ်းဆည်းပေးနိုင်သည်။ Message များကိုလည်း
ကျစ်ကျစ်လျစ်လျစ်ဖြစ်အောင် သိမ်းဆည်းပေးသည့်အတွက် လက်ဖြင့်
ဆွဲပွတ်လိုက်သည့်အခါ အရေးကြီး အချက်အလက်ဖြစ်သော အချိန်ရက်စွဲ
တပ်ထားခြင်းကို SMS, MMS နှင့် iMessage များတွင် အလွယ်တကူ မြင်တွေ့ခွင့်
မရှိတော့ပါ။ အကယ်၍ အချိန်ရက်စွဲတို့ကို တွေ့မြင်လိုသည်ဟု ဆိုပါလျှင်
Message အား ဝဲဘက်သို့ ပွတ်ဆွဲပေးရပါမည်။
Application များ အသုံးပြုခြင်း
Application သုံးစွဲပုံမှာ အသစ်အဆန်း မဟုတ်သော်လည်း iOS 7 ၌မူ ယင်းကို
စနစ်တကျ သုံးလျှင် အချိန်ကုန် သက်သာပါမည်။ ပမာအားဖြင့် ဆိုသော် အီးမေးလ်
သို့မဟုတ် message တစ်စောင်အား ဖတ်ပြီးသည့်အခါ သို့တည်းမဟုတ် Setting
ထဲတွင် တစ်စုံတစ်ရာ ချိန်ညှိမှု လုပ်ပြီးသည့်အခါ သို့တည်းမဟုတ် Music play
List ထဲတွင် ဝင်ရောက် ရှာဖွေပြီးသည့်အခါ မူလ ပွတ်ဆွဲသည့်ဘက်မှ
ဆန့်ကျင်ဘက်သို့ ပွတ်ဆွဲလျှင် ယခင် ဖွင့်ထားသည့် page သို့ ရောက်ပါမည်။
သို့ရာတွင် ပထမဆုံး စာမျက်နှာက setting ဖြစ်နေခဲ့လျှင် ယင်းထဲသို့
ဝင်ပြီးကာစ အချိန်၌ လည်းကောင်း၊ Mail ဖြစ်နေခဲ့လျှင် Mail box ၏
စာရင်းများကို စပြီး မြင်ရကာစ အချိန်တို့၌ လည်းကောင်း၊ ဤစွမ်းရည်ကို
မသုံးနိုင်ပါ။ ဆိုလိုရင်းမှာ ပထမဆုံး page တွင် နောက်ပြန်သွားသည့် အလုပ်ကို
မလုပ်နိုင်ခြင်း ဖြစ်ပါသည်။
Setting ကို အသုံးပြုခြင်း
iOS 7 တွင် setting interface မှာ ပို၍ သဘောကျစရာ ကောင်းလာသည်။ သို့သော်
လူတိုင်း သဘောကျဖို့ကား မဖြစ်နိုင်ပါ။ မြင်ကွင်းနှင့် ပတ်သက်ပြီး ပြဿနာ
ရှိလျှင် သော်လည်းကောင်း သို့တည်းမဟုတ် iPhone ပေါ်တွင် ပို၍ ရှင်းရှင်း
မြင်ရလိုလျှင်သော် လည်းကောင်း setting>General>Accessibility သို့
ဝင်၍ ပိုကောင်းအောင် ချိန်ညှိနိုင်သည်။ စာလုံးများကို bold တင်ခြင်း၊
Application ထဲရှိ စာလုံးများအား အရွယ်ကြီးခြင်းတို့ကို ပြုလုပ်နိုင်သည်။
ထို့ပြင် iOS 7 ၏ အောက်ခံ အရောင် ပြောင်းလဲခြင်းတို့လည်း
ပြုလုပ်နိုင်ပါသည်။
အသင့်ထည့်ပေးထားသော အသံများကို အသုံးပြုခြင်း
iOS 7 တွင် Ringtone, notification sound များတွင် အသုံးပြုရန်
လုံလောက်သော Sound Library ပါဝင်လာသည်။ Setting>sounds>sounds and
patterns တွင် ဝင်ကြည့်နိုင်သည်။ ထည့်ပေးထားသော သံစဉ်တို့မှာ
ကောင်းလွန်းအားကြီး၍ ကချင်ခုန်ချင်စိတ်ပင် ရှိလာမည်ဟု Apple က ဆိုထားပါသည်။
AutoFill ကို အသုံးပြုခြင်း
အင်တာနက်အတွင်း အီးမေးလ်သုံးလျှင် အွန်လိုင်း ငွေပေးချေလျှင် user name
နှင့် password ပေးရပါမည်။ ဤသို့ ဖြည့်ပေးရသည့် အခြား နေရာများလည်း
ရှိပါဦးမည်။ iOS 7 တွင် safari သည် မိမိ ပေးထားသော Contact information
အပေါ် မူတည်ပြီး အင်တာနက်ထဲမှာ ဖောင်များကို အလိုအလျောက်
ဖြည့်ပေးနိုင်ပါသည်။ ထို့ပြင် ယခင်က အသုံးပြုခဲ့သော user name password
နှင့် Credit card details များကိုလည်း မှတ်သားပြီး အသုံးပြုပါမည်။
Setting>safari>password>AutoFill မှ တစ်ဆင့် ယင်း AutoFill ကို
on/off လုပ်ပြီး သုံးနိုင်ပါမည်။
Siri နှင့် အီးမေးလ်
iOS 7 တွင် Siri သည် မိမိ၏ အီးမေးလ်များကို အသုံထွက်ပြီး ဖတ်ပြနိုင်သော
အဆင့်သို့ ရောက်လာခဲ့ပါပြီ။ inbox ထဲတွင် ဝင်ရောက်လာသော အီးမေးလ် List
များကို ရွတ်ပြရုံသာမက တစ်စောင်ခြင်းအား အသံထွက် ဖတ်ပြနိုင်စွမ်းလည်း
ရှိလာပါသည်။ Home button ကို ဖိထားပြီး “Read my email” ဟု ပြောလိုက်ပါ။
siri က အီးမေးလ်ပို့သူ အမည်၊ ပို့သည့်အချိန်နှင့် ရက်စွဲ Subject
စသည်တို့ကို ရွတ်ပြပါမည်။ ယင်းအီးမေးလ်ကို ဖတ်ပြစေလိုပါသလားဟု ဆိုလျှင် Yes
ဟု ပြောလိုက်ပါ။
Application များအား စီမံခန့်ခွဲခြင်း
ယခင် iOS 7 version များနှင့် မတူသည့် အချက်မှာ iOS 7 သည် Application
ဖိုင်များအား အခြားသို့ ပို့ရာတွင် ဖိုင်တစ်ဖိုင်ခြင်း ပို့စရာ မလိုဘဲ
Folder တစ်ခု အောက်တွင် စုထည့်ပြီး ပို့နိုင်စွမ်း ရှိလာပါသည်။
ဖိုင်အရေအတွက် မည်မျှ ထည့်ရမည်ဟုလည်း ကန့်သတ်မထားပါ။ ထို့ကြောင့် ဖိုင်
icon များကို တစ်နေရာတွင် စုစည်းပြီး အလုပ်လုပ်ရုံသာ ရှိပါသည်။
Application update လုပ်ခြင်း
iOS 7 သည် မိမိ သုံးစွဲသော application များအား အလိုအလျောက် update
လုပ်ပေးမည် ဖြစ်ပါသည်။ Limited data plam ကို သုံးမထားလျှင် ဤကိစ္စသည် အလွန်
ကောင်းပါသည်။ setting>iTunes and App Store သို့ ဝင်ပြီး Automatic
download အောက်တွင်ရှိသော update option ကို ရွေးရန်သာ ရှိပါသည်။
Notification centre ကို သုံးခြင်း
iOS 7 တွင် notification centre အား ကြည့်ပျော်၊ ရှုပျော်ဖြစ်အောင်
မွမ်းမံမှုများ ပြုလုပ်ထားပါသည်။ Appointment များ၊ message များအား၊ Lock
screen မှနေ၍ မြင်နိုင်အောင် ပြုလုပ်ပေးထားပါသည်။ မိမိ၏
ကိုယ်ရေးကိုယ်တာများအား အပြင်လူတို့ တိုက်ရိုက် မမြင်စေလိုသူများလည်း
ရှိကောင်း ရှိနိုင်ပါသည်။ သို့သော် lock screen ပေါ်မှာ သုံးရခြင်းကို
သဘောကျလျှင် setting>Notification centre သို့ ဝင်ပြီး Access on Lock
screen ခေါင်းစဉ်အောက်ရှိ ဆလိုက်တုံးလေးကို ရွှေ့ပေးရန် လိုပါသည်။
ဧဧသက် (ဖြိုးဓန ဒစ်ဂျစ်တယ်ဓာတ်ပုံ)
Ref & Credit: Mobile Guide Journal